Friday, August 10, 2007

Google talk and dialup account

ဘန်းကျော်မှ internet ကို dialup ဖြင့် သုံးသော အချို့သော ကျွန်တော်၏ သူငယ်ချင်းများ google talk ကို သုံးလို့ မရဟု ပြောသဖြင့် လိုက်လံ မေးမြန်းကြည့် သောအခါ အောက်ပါအချက်များကို သတိမူရမည် ဟုကြားသိရပါသည်။
  • နောက်ဆုံးထုတ်သော software version ကို အသုံးပြုပါ။
  • များသောအားဖြင့် setting ပြင်စရာမလိုပါ။
  • ပထမဆုံးအကြိမ် dialup account ဖြင့် သင့် computer မှ googole talk သုံးလျှင် ပိုကြာတတ်သည်။
  • စိတ်ရှည်ပါ။
  • သည်းခံပါ။
အောက်ဆုံး ၂ ချက်မှာ ဘန်းကျော်မှ သုံးသူများအတွက် အကျွမ်းတ၀င် လိုက်နာနေရသော အချက် ၂ ချက်ဖြစ်ပြီး ဖြစ်၍ အထူးတလည် ပြောစရာလိုမည်မထင်ပါ။

ထိုသို့ လုပ်၍မှ အဆင်မပြေလျှင် web based google talk ကို အောက်ပါ နေရာများတွင် အသုံးပြုနိုင်သည်
www.Google.com/Talk [Official web based google talk]
www.KoolIM.com
www.Meebo.com

အထက်ပါ အကြံပြုချက်များကို ပေးသော (ဒေါက်တာ) စိုး ကျွန်တော့ရဲ့ internet ဆရာ ကို အထူးကျေးဇူးတင်ရှိပါသည်။

Read More...

Monday, August 6, 2007

10th Standard of my life

၁၀ တန်းတုန်းကပေါ့ ကျွန်တော်တို့ ကျောင်းမှာ သမိုင်းဝင်လောက်တဲ့ ၁၀ တန်းကျောင်းသား ဦးရေ ရှိတယ် (ကျွန်တော်တို့ ကျောင်းအတွက်ပေါ့) ၈၈ အရေးခင်းမှာ ကျောင်း တစ်နှစ်အောက်နဲ့ နောက်တက်လာတဲ့ ပုံမှန်တန်းသမားတွေ။ ၁၀ တန်း ၆ ခန်း၊ ကျောင်းသားသူ ဦးရေ ၂၀၀ ကျော် ၃၀၀ ရှိတာပေါ့။ ကျွန်တော်တို့ နှစ်ကနေစပြီးတော့ အမှတ်လိုက်ဖြတ်ပြီး အတန်းတွေခွဲလိုက်ရော။ ယောက်ျားလေးတွေ စာဘက်မှာ လိုက်စားလိုက်ပုံများ အေအတန်းမှာ ရှိတဲ့ ယောက်ျားလေး ဦးရေက သက်သေပေါ့။ ၁၃ ယောက်တိတိ ရှိပါတယ်။ မိန်းကလေးက ၃၅ ယောက်လားမသိ ရှိတယ်။ အတန်းပိုင်ဆရာမက (ကျွန်တော့တက်တဲ့ အတန်းတွေကို ပိုင်တဲ့ ဆရာမတွေထဲမှာ ကျွန်တော်တို့ ကြောင့် မျက်ရည်ကျရသော ဒုတိယမြောက် ဆရာမ) အပျိုကြီး ဆရာမ။

ကျွန်တော်တို့ အေ အတန်းက တော်တဲ့ လူတွေစုထားတယ် ဆိုတော့ ဆရာမတွေဂရုစောင့်ကြည့်တာ ခံရတာပေါ့။ အဲဒီ ထဲမှာ အစ်ကို အစ်မ တွေရဲ့ လက်ချက်ကြောင့် စောင့်ကြည့်ခံရတဲ့ အထဲမှာ ပါတာ ကျွန်တော်တို့ ညီ အစ်ကို နှစ်ယောက်၊ ကျူရှင်ဆရာသား တစ်ယောက်၊ ဒေါက်တာသားတစ်ယောက်။ ကျန်တဲ့ သူတွေက အစ်ကို အစ်မတွေ လက်ချက် ကင်းရှင်းစွာနဲ့ stress မရှိပါဘူး။ နောက်ပိုင်းကျတော့ အဲဒီ stress တွေက ပြဿနာပေးတာပဲ။
ကျွန်တော်တို့ မြို့မှာ အထက်တန်းကျောင်းဆိုလို့ ၂ ကျောင်းသာရှိတာပါ။ ဖြစ်ချင်တော့ အထက (၂) က စစ်တပ်နားမှာ ရှိတော့ အဲဒီကျောင်းကို အနီးအနားက ကျောင်းသားတွေနဲ့ စစ်တပ်က အရာရှိ သားသမီးတွေ တက်တာများတယ်၊ မြို့ထဲ နဲ့ လည်း နည်းနည်းလှမ်းတာ ပါမှာပေါ့။ နှစ်စဉ် အောင်ချက်နဲ့ ဂုဏ်ထူးထွက်နှုန်းအရ ကျွန်တော်တို့ ကျောင်း အထက (၁) က သာလေ့ရှိတယ်။ (အဲဒီ အချက်ကို အကြောင်းပြုပြီး ထ(၁) က စာမေးပွဲ ချိန်တွေမှာ ဘက်လိုက်ပါတယ် ဆိုပြီးတိုင်တော့ ထ(၁) က ထ(၂) မှာ ဖြေရတယ်။ ထ(၂) က ထ(၁) မှာ လာဖြေရတယ်။)
ဆရာမ မျက်ရည်ကျရတဲ့ အကြောင်းရင်းက ဒီလို။ ကျွန်တော် တို့လိုကောင်တွေကို တစ်ခန်းထဲ ထည့်ထားလိုက်တာတော့ ဟုတ်တာပေါ့။ တကယ် ပြဿနာတတ်တော့ ဘယ်ချိန်တုန်းဆိုတော့ သောကြာနေ့ ညနေ နောက်ဆုံးချိန်။ သန့်ရှင်းရေးဆိုပြီး ပေါက်ပြား တွေ ယူလာရတယ်။ ကျောင်းက ပန်းခြံတွေကို အတန်းလိုက် အခန်းလိုက်ရှင်းရတယ်။ ကျွန်တော်တို့ အခန်းမှာ ရှိတာမှ ယောက်ျားလေးက ၁၃ ယောက်။ ပေါက်ပြားကောင်းကောင်းမပေါက်တတ်တဲ့ သူကပါသေးတယ်။ တစ်ကယ်တော့ ခြံလုပ်ဖူးတာ ၂ ယောက်ပဲပါပါတယ်။ ကျန်တဲ့သူတွေက အနည်းနဲ့အများ ကိုယ်တိုင်အလုပ်မလုပ်ရတဲ့ ကျောင်းသားတွေ။ ၁၃ ယောက်ပဲရှိလို့ နည်းနည်းများလျှော့ပေးပြီး ရှင်းရမလားအောက်မေ့ပါတယ်။ volley bll ကွင်းတစ်ခြမ်းကို အင်္ဂတေကိုင်ဖို့ မြက်ရှင်းပေးရတယ်။ ၁၃ ယောက်မှာ ခါးနာတဲ့လူက လည်းပါသေးတယ်။ မပေါက်တတ် ပေါက်တတ်နဲ့ ပေါက်လို့ ခြေထောက်ပေါက်မိလို့ နားရတဲ့လူနဲ့။ လက်ဖ၀ါးမှာ အရည်ကြည်ဖု ထတဲ့လူနဲ့။ ကျန်တဲ့ ယောက်ျားလေး ၆ ယောက်လောက်က ဒိုင်ခံပေါက်ရတယ်။ မိန်းကလေးတွေကလည်း လုပ်ကြရှာပါတယ်။ မလုပ်ရင်လည်း ဒီကကောင်တွေက သေတော့မယ်။ ပြီးရင် ဒီကောင်တွေက ဆရာမကို ပိုပြီး ပီပြင်အောင်ပေါင်းထားနိုင်တော့ တစ်ချက်လက်တို့လိုက်ရင် သူတို့ အပြောခံရတော့မှာ။ ဒီလိုနဲ့ တစ်ရက်ကျတော့ (ကျောင်းက ဘောလုံးကွင်း ၃ ၄ ကွင်းစာလောက် ရှိတာ) အရှေ့ဖက်ခြမ်းမှာ ငှက်ပျောပင်တွေ စိုက်ရမယ် ဆိုပြီးတော့ လုပ်လာရော။ TV က လာသလို ကျင်းလေးတူးထားတဲ့ဆီကို ကော်ဇောပေါ်ကလျှောက် ထွင်းထဲကို အပင်လေးထည့်၊ မြေလေး ၂ ဂေါ်လောက်ကိ ရွှေဂေါ်ပြားနဲ့ကော်၊ ပြီးတော့ ရွှေရေခရားနဲ့ ရေလေးလောင်း၊ နောက်ကိုလှည့် ပြီး လက်ခုပ်လေးတီး။ အဲဒီလိုများ ထင်နေလား ?? ဝေးစွ ... စိုက်မယ်ဆိုတော့ အပင်ပေါက်ကျတော့လည်း မပေးဘူး။ ကိုယ့်ဘာသာကိုယ်ရှာ ကိုယ့်ဘာသာကို တွင်းတူး။ ကိုယ့်ဘာသာကို စိုက်ပေါ့။ ရှာရမယ် ဆိုတော့ ယောက်ျားလေးတွေ တာဝန်ပေါ့။ ဒီက ကောင်တွေကလည်း ကြိုက်တာပေါ့။ သွားပြီးသားပဲ။ ကျွန်တော်တို့ အတန်းထဲက သူငယ်ချင်းတစ်ယောက်အိမ်မှာ (နှီးဖုရား တောင်ခြေ အောက်က ဂေါက်ကွင်းဘေးနား) ရှိတယ်ဆိုလို့ အဲဒီကိုသွားတာပေါ့။ တစ်ကယ်တန်းပြောရရင် ကျွန်တော်တို့ ကျောင်းကနေ အဲဒီဖက်ကိုသွားတဲ့ လမ်းက တော်တော်သာယာတာ။ ကျွန်တော်တို့ မြို့ရဲ့ ဟိုတယ် ကို လည်း အဲဒီလမ်းကနေသွားရတာ။ ဘေးတစ်ဖက်တစ်ချက်မှာ ထင်းရှုးတောတွေနဲ့ပေါ့၊ တစ်ချို့လမ်းဘေးမှာ နာနတ်ရိုင်းပင် အကြီးကြီးတွေလည်းရှိတယ်။ ပြီးတော့ တောင်ကုန်းနိမ့်လေးတွေပေါ်မှာ ဟိုတယ်တွေ၊ တော်တော်လှတယ်လို့ ပြောရမှာပဲ။ အဲဒီနောက်ကို လွန်ရင် ဂေါက်ကွင်းရှိတဲ့ တောင်ကုန်း ၂ ခုကြားကနေ ဖြတ်သွားရတဲ့လမ်းလေး။ အဲဒီလမ်း ပေါ်မှာပဲ လှိုင်ဂူနဲ့ ဘုရားတွေရှိတယ်။ အဲဒီကနေ ဆက်သွားတော့မှ နှီးဘုရား ပေါ့။ အားရင် ကျွန်တော်တို့ လာလည်နေကျ လမ်းလေးတွေ နေရာလေးတွေပေါ့။ အခု လို ကျောင်းဖွင့်ချိန်ကြီးမှာ အဲဒီဖက်သွားရမယ်ဆိုတော့ ပျော်ပျော်ကြီးသွားတာပေါ့။ ဟိုရောက်တော့ ငှက်ပျောသီးတွေစား၊ အပင်ပေါက်လေး ၅ ပင်လောက်ရှာ။ ပြီးတော့ ဂေါက်ကွင်းထဲက မြက်ခင်းပေါ်မှာ ဗမာဖြစ် ကော်ဘောလုံးလေးနဲ့ ဘောကန်ကြတာ ပွက်ပွက်ကိုညံနေတာ (ကျွန်တော်က ကောင်းကောင်းမကန်တတ်တော့ ဂိုးစောင့်ပေါ့) ။ ကွင်းကလည်း အကျယ်ကြီး ဂေါက်ကွင်းဆိုတော့ မြက်ကလည်း မဆိုးဘူး။ လေတ၀ှီးဝှီး ကြားမျာ ကော်ဘောလုံးက လိမ့်ချင်တိုင်းလိမ့် ကန်တင်ရင် လည်း လေနောက်ပါပြီး လမ်းကြောင်းပြောင်းဆိုတော့ အဲဒီနောက်လိုက်ကန်ရတာကို က ပျော်စရာကြီးပေါ့ဗျာ။ ကမြင်းလိုက်ကြတာ နောက်တော့ တစ်ယောက်က ကြွက်တက်၊ သိပ်မကြာဘူး ကျောင်းမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က ရောက်ချလာပြီး ဟေ့ကောင်တွေ ပြန်ခဲ့တော့ ဟိုမှာ ဆရာမငိုနေပြီ ဆိုမှ ပြန်ဖို့ သတိရတယ်။ ကျွန်တော်တို့က တော့ နောက်နေတယ်ပဲထင်တာ ပျော်ပျော်ပဲ အပင်ပေါက် ၅ ပင် ဆွဲပြီးပြန်လာတာ။ ကျောင်းရောက်တော့ ဘယ်သူမှ သိပ်မကျန်တော့ဘူး။ ဆရာမက ဒေါသထွက်ပြီး မျက်ရည်တွေကျနေတာ။ သူ့ရဲ့ ချစ်တပည့်တွေက အပင်သွားရှာတာ မပြန်လာဘူး။ ဒီမှာ တစ်ခြားသူတွေက စိုက်လို့ ပြီးကုန်ပြီ (အေ အတန်းရဲ့ အတန်းပိုင်ကိုး အရာရာစံပြဖြစ်ရမယ်ဆိုပြီး သတ်မှတ်ထားတာလေ၊ ကျောင်းမှာ တောင် ထိုင်ခုံကို ဖိုင်ဘာခုံနဲ့ထိုင်ရမယ် ဖယောင်းပုဆိုးခင်းရမယ်ဆိုလို့ လုပ်လိုက်ရသေးတယ်။ ကိုယ့်မိဘ ပိုက်ဆံနဲ့ကိုယ်ပေါ့)။ ပြီးတော့ တွေ့လိုက်ရတာက မိန်းကလေးတွေ ရှာလာတဲ့ အပင်ပေါက် ၂၀ ၃၀ လောက်နဲ့ တူးထားတဲ့ မြေကျင်းတွေ။ ဟီး ဟီး ကျွန်တော်တို့ နည်းနည်း လွန်သွားတယ်။ ဆရာမကလည်း မျက်ရည်တွေကျနေတော့ စပ်ဖြဲဖြဲမျက်နှာကို လူတွေနောက်မှာ မနည်း လိုက်ကွယ်ထားရတယ်။
ကျွန်တော်တို့ နှစ်ကနေ စပြီးတော့ ထူးချွန်စာမေးပွဲ ဆိုတာကို ဖြေခိုင်းတယ်။ အခုလည်း တော်တော်လေး ဖြေခိုင်းလို့ ကောင်းတုန်းပါပဲ။ ဘာတွေကို ဘယ်လိုပဲ ဖြေခိုင်း ဖြေခိုင်း အဖြေကတော့ တစ်ခုတည်းပါပဲ။ (သိ ပြီးတဲ့ သူလည်း သိမှာပါ) ကျွန်တော်တို့ လည်း ဖြေဆိုတော့ စဖြေတာပေါ့။ ပထမနေ့ မြန်မာ (မေးခွန်းထုတ်တာက ထ (၂) က မြန်မာစာ ဆရာမ) သူ့ဆီမှာ တက်တဲ့ ထ(၂) ကျောင်းသားသူတွေ အားလုံး ဖြေနိုင်တယ်လို့ ကြားရတယ်။ ကျွန်တော်တို့ ထ(၁) က ကျွန်တော်ရယ်၊ ကျွန်တော့ အစ်ကိုရယ်၊ ဟဲဟိုးက ညီအစ်ကို နှစ်ယောက်ရယ်၊ ကျွန်တော်တို့ အတန်းက မော်နီတာရယ်၊ ဒေါက်တာမ တစ်ယောက်ရဲ့ သား ကျွန်တော်တို့ သူငယ်ချင်း ကုလားတစ်ယောက်ရယ်၊ Tour Guide တစ်ယောက်ရဲ့သားကုလားတစ်ယောက်ရယ် ကောင်းကောင်းမရကြဘူး။ နောက်နေ့ ကျွန်တော်တို့ ထ(၁) က အင်္ဂလိပ်စာ မေးခွန်းထုတ်တယ်။ ဆရာမ ကိုယ်တိုင်က ပထမနေ့ က အဖြစ်အပျက်တွေကို ကြားတယ်။ ဒီတော့ ကျွန်တော်တို့ကို tips တွေ ပေးထားတာပေါ့။ နောက်နေ့ ဘာပြောကောင်းမလဲ ကျွန်တော်တို့ ထ(၁) ကကောင်တွေက ပြုံးပြုံး ပြုံးပြုံး နဲ့။ ထ(၂) ကကောင်တွေက ခေါင်းတွေကုတ်လို့။ နောက်ပိုင်းရက်တွေ မှာတော့ ဘယ်ဘက်မှ ဘက်မလိုက်ပဲ ဒီလိုနဲ့ ပြီးသွားရော။ (ဘယ်တစ်ရက်လည်း မသိဘူး guide လုပ်တဲ့ ကုလား က အချိန်စေ့တဲ့ထိ ဖြေလို့ကောင်းနေတုံး သူ့အဒေါ်ဆရာမက တစ်ခြားသူတွေဆီက စာရွက်တွေကို အရင်လိုက်သိမ်းလိုက်တယ် နောက်ကျတော့ သူ့တူလေးကို ခဏစောင့်ပေးပြီးမှ သိမ်းလိုက်တယ်)။ ဒါတွေကတော့ ဒီလိုပါပဲ။
ကျွန်တော်ဆိုတဲ့ ကောင်ကလည်း ၁၀ တန်းအောင်တော့ ဒီ ၃ လုံးသာပါလာတာ။ တစ်ကယ်တန်း မလုပ်ဆုံးနဲ့ မသန်ဆုံးက လည်း အဲဒီ ၃ ခုပဲ။ ကျွန်တော်က မြန်မာနဲ့ အင်္ဂလိပ်ကို ပိုလိုချင်တာ။ လူမှုရေးတွဲ ကျွန်တော်ကောင်းကောင်း မဖြေနိုင်ဘူး။ သမိုင်းဘာသာတစ်တွဲလုံးနီးပါး ချန်ထားခဲ့တယ်။ သင်္ချာ နေ့ လုံးဝသွားမဖြေဘူး။ လွတ်တဲ့ငါး ကိုပဲ ၀ိုင်းပြီးကြီးတယ် ပြောကြသလားတော့မသိဘူး။ ကျွန်တော် ၀င်ဖြေလို့ သင်္ချာ ၉၀ ကျော်ရရင် မြို့နယ်သွားဖြေရမဲ့ ၃ ယောက်မှာ ကျွန်တော်ပါတယ်လို့ ပြောကြတယ်။ သွားဖြေရတော့ ကျွန်တော့ အစ်ကိုရယ်၊ ဟဲဟိုးသား အငယ်တစ်ယောက်ရယ်၊ ကုလားရယ် သွားဖြေရတယ်။ အတန်းပိုင် ဆရာမလည်း ပါတာပေါ့။ မြို့နယ်မြို့ကိုတက်ဖြေရတာ။ ဟို ၃ ယောက်က ဆရာမကို သူ့ အမျိုးအိမ်မှာ ပေးတည်းပြီးတော့ သူတို့က ဈေးနားက ဟိုတယ်မှာတည်း။ စာလည်းမကျက်ဘူး။ လည်လိုက် စားလိုက်။ TV game က လည်းသွားဆော့လိုက်ကြသေးတယ်။ စာမေးပွဲတွေ ဖြေပြီးတော့ နောက်ဆုံးစာရင်းထွက်လာတော့ (တိုက်ဆိုင်တာလား တမင်သက်သက်လားတော့မသိဘူး) မြို့နယ် ပညာရေးမှူးကြီးရဲ့ သားက ဘက်စုံထူးချွန်ဆုရသွားသည်ပေါ့။
၁၀ တန်း မစခင် တုန်းက နွေ လပြတ်တွေ မြို့တက်ပြီးတက်တော့ မြန်မာ နဲ့ သမိုင်း (ကျူရှင်ခ သာပေးလိုက်ရတယ် သမိုင်းသင်တဲ့ ဆရာကို မျက်နှာတောင်မမြင်ဖူးလိုက်ဘူး) က လုံးဝမသင်လိုက်ရဘူး။ ကျန်တာတွေက လည်း မပြတ်ဘူး။ ကျွန်တော်တို့ လို နယ်က လာတက်တဲ့ ကျောင်းသားတွေကို ပြတ်အောင်အချိန်ပိုခေါ် သင်ပေးတာဆိုလို့ သင်္ချာ ဆရာ 6D ဦးအောင်ကျော်ဝင်း နဲ့ ရူပဗေဒ ဆရာ ဦးအောင်ဇော်ဝင်း ပဲရှိပါတယ်။ ကျန်တာကတော့ ပြီးသလောက်ပဲ သင်လိုက်ရတယ်။ (မှတ်မိသလောက်ကတော့ အင်းသား ထောင်ထောင်မောင်းမောင်း အသားဖြူဖြူတစ်ယောက်ရယ်၊ ပျော်ဘွယ်က မောင်နှမနှစ်ယောက်ရယ်၊ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ရယ် အချိန်ပိုတွေ ခေါ်သင်ပေးတာ)
ကျောင်းတွေ စမဖွင့်ခင် ၁၀ ရက်လောက် မြို့ကို ပြန်ရောက်တော့ ကျွန်တော် စကျက်တာက မြန်မာ ကဗျာ။ တစ်နေ့ တစ်ပုဒ်နှုန်း။ ခက်ဆစ်ဆို အကုန်လုံးကို ရေ။ တစ်လ နဲ့ အပြတ်ကျက်။ စာစီစာကုံး တစ်ပတ်ကို တစ်ပုဒ်နှုန်း။ ရရ မရရ ခြစ်ကုတ်ပြီးရေးတာပေါ့။ (ဒါတွေက တစ်ခြားသူတွေနဲ့ စာရင် နည်းကောင်းနည်းပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့ အတွက်တော့ အများကြီး ခြေလှမ်းလှမ်းလိုက်တာပါ)။ အင်္ဂလိပ်စာ ကတော့ နဂိုက ခက်ညံ့ညံ့။ ၉ တန်းရောက်တဲ့ အထိ ၀ါကျ တစ်ကြောင်းကို ကောင်းကောင်း ဖြောင့်အောင် မရေးတတ်ဘူး။ letter writing နဲ့ essay ဆို ဝေးရောပေါ့။ (၈ တန်းနှစ်က စပြီး တော်တော်လေး Game ဆော့နေပြီဆိုတော့ စာဖတ်ကို တော်တော်မလှည့်ဖြစ်တာ လည်းပါမှာပေါ့)
ဒါနဲ့ ကျောင်းက အင်္ဂလိပ်စာ ဆရာမဆီမှာ ကျူရှင်ယူ။ ၁၀ တန်းရောက်တဲ့ထိ တစ်ခါမှ အိပ်ယာက အစောကြီး ထပြီး ကျူရှင်မသွားဖူးဘူး။ အဲချိန်မှာတော့ မသွားလို့ မရတော့ဘူး။ ကိုယ့်အခြေအနေ ကိုယ်သိနေတာကိုး။ စတက်တော့ သိပ်ပြီး စိတ်မပါဘူး။ ဆရာမ ကတော့ ဂရုစိုက်ပါတယ်။ ကျွန်တော့ အစ်မက ကျွန်တော်တို့ ရဲ့ ဟိုးအရှေ့တစ်နှစ်မှာ အော ဒီ ထွက်ထားတာဆိုတော့ ကျွန်တော်တို့ နှစ်ယောက်ကို လည်း မျှော်လင့်လို့ ရလောက်တယ်လေ။ ပထမ လပတ်စစ်တော့ ကျွန်တော် အင်္ဂလိပ်စာ မှာ အမှတ်တော်တော်များများရလိုက်တယ်။ ဆရာမက ကျွန်တော့ကိုချီးကျူးလိုက်တယ် (ချီးကျွေးတာမဟုတ်ဘူးနော်) (ချီးမွမ်းတဲ့ စကားက ဘယ်လောက်တာသွားလဲဆိုတာ အဲဒီချိန်ကမှစပြီး သတိထားမိတယ်) အဲဒီက စပြီးတော့ အင်္ဂလိပ်စာ ဂျပိုး ကျွန်တော့ထဲ ၀င်သွားတာ။ နောက်တော့ ရေးလိုက်တဲ့ essay၊ ရေးချင်တာပဲသိတယ်။ Grammer တွေဆို သောက်တလွဲ၊ စာလုံး အသုံးအနှုန်းဆို learn နဲ့ teach ကိုတောင်လွဲပြီးသုံးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ ဖျစ်ညစ်ရေးလာတာ နောက်ပိုင်း ဗလာစာအုပ် ၆ မျက်နှာ ၇ မျက်နှာ ထိရေးနိုင်လာတယ်။ ဒါပေမယ့် အခြေမခိုင်လာတော့ စာမေးပွဲ ကြီးရောက်တော့ မဖြေနိုင်ဘူး။ အထူးသဖြင့် essay နဲ့ letter။ အမှတ်တွေထွက်တော့ ကျွန်တော်က ဂုဏ်ထူးပြုတ်တောင်မဟုတ်ဘူး။ ၇၀ အောက်တောင်ရောက်သေးတယ်။ မြန်မာစာလည်း ဒီအတိုင်းပဲ။ အမှတ်တွေထွက်တော့ ကျွန်တော့ကို သင်ပေးတဲ့ အင်္ဂလိပ်စာ ဆရာမကိုတော်တော် အားနာသွားတာ။ ဆရာမက (သူ့ကျူရှင်က တစ်ယောက်လောက်၊ ဘယ်သူဖြစ်ဖြစ်ပါ။ ဒါပေမယ့် နီးစပ်တာက ကျွန်တော်ကရနိုင်တယ်ဆိုတော့) ကျွန်တော့ကို ရမယ်လို့မှန်းထားတာ။
၁၀ တန်းတုန်းကတော့ ကထိန် ဘယ်လို ပြီးသွားတယ်ဆိုတာတောင် မမှတ်မိတော့ဘူး။ အရင့် အရင် နှစ်တွေက ဆို ပဒေသာပင် သီး။ ဗုံတွေလိုက်ငှား။ ကထိန်နေ့ကျရင် မြို့တစ်ပတ် ပဒေသာပင် တွေကို ကျောင်းသားတွေထမ်းပြီး ပတ်၊ (ဗမာပြည်က လူတွေကသိတဲ့အတိုင်းပဲ နည်းနည်းပျော်စရာရှိတာနဲ့ သောက်တာဆိုတော့ ကျွန်တော်တို့ထဲက နှစ်ကြီးသမားတွေက သောက်လေ့ရှိတယ် မူးပြီးယမ်းတယ် ကတယ် ရန်ဖြစ်ကြတယ်) နောက်က ဓနုအိုးစည် နဲ့ တီးပြီး ကလိုက်၊ ခုန်လိုက် (တစ်နှစ်ကဆို ကတဲ့ကောင်တစ်ကောင်က သာသနာ့အလံကို ကိုင်ပြီး မျောက်ရှုံးအောင်ကတာ နောက်ရက်ကျတော သာသနာ့အလံဆိုတာ ငြိမ်ငြိမ်သက်သက်ထားရတာကနေစပြီး ကောင်းကောင်းအပြောခံရတာ) သံချပ်ဆိုလိုက်နဲ့ တော်တော် ပျော်စရာကောင်းတယ်။ မှတ်မိပါသေးတယ် ဆိုတဲ့ သံချပ်တွေက
၉ တန်း ဘီက ထွက်လို့ လာကြိုက်တာ ရွေးယူ လူပျိုချည်းပဲ (စကားချပ်။ ။လူပျိုကြီး မဟုတ်ဘူး နော်) ဆိုတာမျိုး
ပွဲ မစံတဲ့ အပျိုတွေ ဘုန်းကြီးတွေနဲ့ ရပါစေ (အဓိပ္ပါယ်။ ။ကထိန်လှည့်ရင် ရှေ့ကနေ မိန်းကလေးတွေက လှလှ ပြင်ပြီး ပစ္စည်းနည်းနည်းပါးပါးကိုင်ပြီး လိုက်ရတာကို ပွဲစံတယ်လို့ ခေါ်တာ။ ဘုန်းကြီးတွေလည်း အငြိမ်မနေရပါဘူး။ မလှူရသေးဘူး အရင်ခေါင်းခေါက်နေပြီ)
တောင်နံရံမှာ ဆီဘူးဆွဲ၊ မြောက်နံရံ မှာ ဆီဘူးဆွဲ၊ ဟိုကောင့်မျက်နှာ စပ်ဖြဲဖြဲ ပြီးတော့
ထမင်းစားပြီးတစ်မျိုးလို ဆေးလိပ်တို ဆေးလိပ်တို ဆိုတာက ပါသေးတယ်။ ပြန်စဉ်းစားကြည့်တော့ အော်မဲ့သာအော်နေတာ ဘာတွေမှန်းလည်းမသိဘူး။ (ခုနောက်ပိုင်း ရှမ်းသီချင်းတွေပြန်ကြားတော့ အဲဒီလိုမျိုးသံချပ်တွေ ပါသေးတယ်။ ထင်တာကတော့ အော်နေကျသံချပ်မို့လို့ ကြုံတဲ့နေရာအော်တာထင်တာပဲ။ မြနန္ဒာသီချင်းလိုပေါ့။) ကျန်သေးတယ် အများကြီးပဲ။ မမှတ်မိတော့ဘူး။ လျှောက်ရေးရင်းနဲ့ ကထိန်အကြောင်းတွေ ရောက်ကုန်ပြီ။ ၁၀ တန်းအကြောင်း ဆက်ရေးမယ်။
နောက်ပိုင်း ကျောင်းက unofficial စာကျက်ချိန် ၁ လလောက်ပို ပေးလိုက်တော့ ကျောင်းမှာ သင်ရိုးမပြတ်သေးဘူး။ ကျွန်တော်တို့ နှစ်ယောက် ကျူရှင်ယူတာကလည်း eng, bio, ပထ၀ီ (ကျောင်းက ဆရာမကခေါ်သင်ပေးတာ) နဲ့ ဘောဂ (ထ၂ က ဆရာမဆီမှာ သွားတက်ရတယ် တက်ရတာကလည်း စနေ တနင်္ဂနွေ။ တနင်္ဂနွေနေ့ မနက်ဆိုရင် ကျွန်တော်အရမ်းကြိုက်တဲ့ Kinshi ကာတွန်းကား အမြဲလာတယ်၊ သိတယ်မလား အဓိကက အဓိကပဲ။ ကာတွန်းကားပြီးမှ ကျူရှင်ကို စက်ဘီးနဲ့ အသေနင်းပြီးပြေးတာပေါ့။ ကျူရှင်ရောက်တော့ ဟဲဟိုးသားနှစ်ယောက်နဲ့ ကာတွန်းကားအကြောင်း စားမြုံ့ကပြန်သေးတာ ... )။ ကျန်တာ chem, physic, maths, မြန်မာ နဲ့ သမိုင်း။ အပြင်မှာ သင်တဲ့ ကျူရှင်တွေမှာတော့ ဆက်သင်တုန်းပေါ့။ ဒီတော့ ကျောင်းက ဆရာမတွေက ကျွန်တော်တို့ နှစ်ယောက်ကို သူတို့ ကျူရှင်တွေ ဆီကို လာတက်ဖို့ခေါ်တယ်။ လာမတတ်ရင် လည်း စာမေးပွဲတွေလုပ်ရင် လာဖြေဖို့ ခေါ်တယ်။ ကျောင်းက ဆရာမတွေသင်တဲ့ ကျူရှင်အကုန်နီးပါး အကုန် ရောက်တယ်။ သင်္ချာကတော့ အဖေ ကိုယ်တိုင်ပြပေးတယ်။ (အဖေက အရင်တုန်းက နာမည်ရတဲ့ ဆရာတစ်ယောက်ပါပဲ၊ အရေးခင်းပြီးနောက် နားလိုက်လို့)။ အဲဒီတုန်းကတော့ ကျွန်တော်တို့က ကျူရှင်မတတ်ပဲ နဲ့ စာမေးပွဲတွေလိုက်ဖြေနေလို့ အပြင်က ဆရာတွေကတောင် ကျွန်တော်တို့ နှစ်ယောက်ကို လာဖြေဖို့ သူငယ်ချင်းတွေနဲ့ ပြောသေးတယ်။ (ဆရာတကယ်ပြောသလား တော့မသိပါဘူး။ သွားလည်းမဖြေဖြစ်ပါဘူး။ အဖေနဲ့ အဲဒီဆရာ ကတစ်ချိန်က ခေတ်ပြိုင်တွေ၊ အပြင်မှာ ပြတဲ့ အင်္ဂလိပ်စာဆရာကျတော့လည်း နာမည်ကြီးတယ် ကောင်မလေးတွေဆို ဘယ်လို ယောက်ျားလေးတွေဆို ဘယ်လို ဆိုတာ။ ကျွန်တော်ကတော့ အပြစ်မပြောလိုပါဘူး။ တစ်ခြားသူတွေပြောလိမ့်မယ်။)
စာမေးပွဲနားနီးတော့ (၂ လ ၃ လလောက်လိုတော့) ကျွန်တော့ အစ်ကို က ဒီနှစ် မဖြေတော့ဘူး ခြစ်ချမယ် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီးဖြစ်လာတယ်။ အဲဒီတော့ ကျွန်တော့ အဖေ၊ အဒေါ်နဲ့ မန္တလေးမှာ ရှိတဲ့ဘကြီး (ဒုတိယအကြီးဆုံး၊ ဘကြီးမိန်းမက ကျောင်းအုပ် သားသမီးမရှိတော့ ကျွန်တော်တို့ကို တော်တော်ဂရုစိုက်ရှာတယ် သူဝယ်ပို့ပေးတဲ့ အထူးထုတ်တွေ စာစဉ်တွေဆို 5 ပေ ၃ပေ လောက်ရှိတဲ့ စာကြည့် စားပွဲပေါ်မှာ အပြည့်ပဲ။ သူက ၁၀တန်း စာအုပ်ကို စာအုပ်ဆိုင်ကလူတွေထက်တောင်သိတယ်။ လုပ်တာကလည်း ပုံနှိပ်တိုက် စာအုပ်ဆိုင်တွေမှာ အသိရှိတယ်၊ ဆရာတွေနဲ့ လည်းအသိရှိတယ်။) က ချော့ရတယ်။ ကြောက်တာတော့ ကြောက်ကြတာချည်းပါပဲ။ ကြောက်တာကို ဘယ်လိုဖော်ပြ ရမလဲဆိုတာကို ကျွန်တော်မသိဘူး (ဒီလိုရေးတော့ တစ်ခြားလူတွေက ထင်ချင်ထင်ကြမယ် ခံစားချက်ဆိုတာ ကိုယ့်ကိုယ်ကို ခံစားရတာပဲ ဘယ်သူ့ကိုသိအောင် ဖော်ပြရမလဲ လို့။ အရှင်းဆုံးပြောရရင် အငိုတတ်တဲ့ ကလေးက မုန့်စားရတယ်။ ဒါဟာ ခံစားချက်ကို ဖော်ပြတတ်လို့ ရတဲ့ အကျိုးကျေးဇူး အကြောင်း အရှင်းဆုံး (ကျွန်တော်ထင်တဲ့) ဥပမာ) ။ ကျွန်တော်သိတာက ကျွန်တော် ကြောက်ရင် ကျွန်တော် ဘာမှ စားလို့မ၀င်ဘူး။ ပျို့တာ အန်တာလည်း မဖြစ်ဘူး။ ဘာမှ မဖြစ်တော့ ကျွန်တော်က အလိုလိုနေရင်း မကြောက်တတ်ဘူး သွေးအေးတယ် ဖြစ်သွားရော။ ဒီတော့ ကျွန်တော့ကို သိပ်ဂရုစိုက်စရာမလိုဘူး လို့ သတ်မှတ်ကြတာပေါ့။ အဒေါ်လုပ်သူက ဆရာဝန် အပျိုကြီး။ ကျွန်တော်တို့ အစ်မ ဆေးကျောင်းတက်နေတာကို သူက မကျေနပ်သေးဘူး။ ကျွန်တော်တို့ကို အစ်မ အတိုင်း အောဒီ ထွက်ပြီး ဆေးကျောင်းတက်စေချင်တာ။ ကျွန်တော်အစ်မနှစ်တုန်းက သူက သူ့ တူမနဲ့ သူ့ သူငယ်ချင်း ဒေါက်တာမ ရဲ့ သမီးနဲ့ မသိမသာပြိုင်ကြသေးတာ။ အဲဒီတုန်းက ဒေါက်တာမ သမီးက အောဒီထွက်ဖို့ ဆရာတွေအားလုံးမှန်းထားတာ အောင်စာရင်းထွက်ခါနီး သတင်းတွေထွက်တော့ အောဒီ တစ်ယောက်ပါတယ်တ ကြားတော့ သူဖြစ်ဖို့ များတယ်လို့ ပြောကြတာပေါ့။ တစ်ကယ် ထွက်တော့ ကျွန်တော့အစ်မဖြစ်နေတယ်။ အဲဒီတုန်းက ဂုဏ်ယူရသလိုမျိုးအဒေါ်က ဂုဏ်ယူချင်ပုံရတယ်။ နောက်တစ်ခု ဆိုးတာက ဒေါက်တာမ ရဲ့သား က ကျွန်တော်တို့ နဲ့ တစ်နှစ်တည်း။ ဒီတစ်ခါ တော့ ရှုံးလို့ ဘယ်ဖြစ် မလဲလို့ တွက်ထားပုံရတယ်။ စာကျက်ခိုင်းလိုက်တာ အလွန်ပဲ (ကျွန်တော်ဖက်ကနေ စဉ်းစားရင် လွန်တာ ဖြစ်မှာပါ)။ ကျွန်တော်တို့ ကလည်း သူ့စကားနားထောင်လိုက်တာလည်း အလွန်ပဲ။ TV မကြည့်နဲ့ ဆို ရင် ကြည့်တယ်။ ဘယ်လောက်တောင် ကြည့်သလဲဆိုရင် သူကြည့်တဲ့ ဇာတ်လမ်း နဲ့ တိုက်နေရင်တောင် လုပြီး နဘမ်းပွဲတွေကို ကြည့်တာ။ ည ဇာတ်လမ်းကောင်းရင် ၀င်ကြည့်သေးတယ် (အဖေ ကတစ်ခါ တစ်လေ ခေါ်ခေါ်ပြီးကြည့်တော့ အဖေ့ရှေ့ဆိုရင်တော့ သိပ်မပြောဘူး။) ဂစ်တာမတီးနဲ့ဆို တီးလိုက်တာ တ ဒေါင်ဒေါင် တ ဒင်ဒင် နဲ့။ အစ်မတို့ နှစ်က အစ်ကို တစ်ယောက်ဆီကတောင် သီချင်းတွေ တော်တော်များများသင်လိုက် သေးတယ်။ ပြီးတော့ စာကျက်သလိုလို ဘာလိုလိုနဲ့ အဖေ့ ဆိုင်က ရောင်းတဲ့ ကော်လေသေနတ် (shot gun ပုံစံ တရုတ်ပြည်ကလာတာ တော်တော်လေးဆော့လို့ကောင်းတယ်) နဲ့ နောက်ဖေးက ခြံဝင်းမှာ သွားသွားကမြင်းသေးတယ်။ စာကျက်တာ အကြာဆုံးဆိုလို့ ည ၁ နာရီထိတစ်ရက် ကျက်ဖူးတယ်။ မနက် ၄ နာရီ ထကျက်ဖူးတယ် တစ်ရက် (စာမေးပွဲ တွင်းတုန်းက)။ ကြားထဲမှာ ကြက်တောင်က သွားသွားရိုက်လိုက်သေးတယ်။ ပင်ပေါင်ခုံကိုလည်း ပစ်မထားပါဘူး။ ရိုက်တာပဲ။ တစ်ခါတစ်လေ အိမ်ထဲမှာ စကိတ်ဝတ်ပြီး စာအုပ်ကိုင် ဟိုလျှောက်စီး၊ ဒီလျှောက်စီးနဲ့ စာကျက်သလိုလို ပုံစံလုပ်သေးတာ။ စာကျက်ရတာ ကို အကြောင်းပြပြီး ညီအစ်ကို နှစ်ယောက် ၃ နာရီလောက်ဆို ဆီချက်ခေါက်ဆွဲ ဆိုင်ကိုသွားပြီး ၂ ပွဲလောက်သွားသွားတုပ်သေးတာ။ ညဆိုရင် လည်း ညမို့လို့ မာမီး ဆီချက် တစ်ယောက်ကို နှစ်ထုပ်ဆီ။ ၁၀ တန်းလည်းပြီးရော ကျွန်တော့ အစ်ကိုကတော့ ၀တတ်လာတာ။ ကျွန်တော်ကတော့ ကာတွန်း ဆရာတွေဆွဲတဲ့ ဇာတ်ကောင်အတိုင်းပဲ။ ဆယ်တန်းတုန်းက အတိုင်း ခုထိပါပဲ။
တစ်ခြားဘာသာတွေထဲမှာတော့ ဘောဂ နဲ့ ပထ၀ီကို အကြိုက်ဆုံးပဲ။ ပထ၀ီ ဆို ပုံဆွဲရတာ အကြိုက်ဆုံး။ ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ်ကြိုက်တဲ့ ပြည်နယ်တွေလောက်ကို အသေဆွဲတာ။ သြစတြေးလျ နဲ့ ဂျပန် တိုက်ဆိုရင် ဘယ်ချိန်ဆွဲ ဆွဲ အချိုးကျအောင်ဆွဲနိုင်ခဲ့တာ။ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တွေကို လည်း ဒီအတိုင်းပဲ။
(ဖြေရတော့ ထ(၂) မှာ ဖြေရတာပါ) တစ်ကယ်တမ်း စာမေးပွဲမှာ ပါလာတာက ကချင်ပြည်နယ်။ ကောင်းကောင်းမဖြေနိုင်ဘူး။ တည်နေရာတွေဆို မမှတ်မိလို့ ဘေးနားက သူငယ်ချင်းတစ်ယောက်ဆီက အကူအညီတောင်းပြီး copy ကို ယူ ပြီး အိမ်သာထဲ သွားဖတ်ရတယ်။ အိမ်သာထဲလည်း ရောက်ရော တွေ့လိုက်ရတဲ့ copy စာရွက်တွေ၊ ပုံနှိပ်စာအုပ်တွေ။ ဒါပေမယ့် ပွပြဲနေတာပေါ့။ ကျွန်တော်လည်း ပါလာတဲ့ စာရွက်ကလေးကို ထုတ်။ ဖတ်မယ်လည်းလုပ်လိုက်ရော မျက်လုံးပြူးသွားတာပဲ။ ကျွန်တော်ဖတ်ချင်တဲ့ စာရွက်က အခန်းထဲမှာ ကျန်ခဲ့ပြီ။ သုတ်သုတ် သုတ်သုတ်နဲ့ ပြန်ထွက်လာတာ သေးပေါက်ဖို့တောင်မေ့လာတယ်။ အခန်းထဲရောက်တော့ desk အောက်ထဲမှာ အသာထား ပြီး ကြည့်တာ ဖတ်မရဘူး။ မရတော့ မေးခွန်းစာအုပ်အောက် ထည့်လိုက်တယ်။ လှန်ကြည့်မယ်လုပ်လိုက်ရင်း စိတ်ကမလုံရင်း ဆရာမကို လှည့်ကြည့်လိုက်ရင်း။ နောက်တော့ ဆရာမလည်းရိပ်မိ မေးခွန်းစာရွက်ကို လာလှန် စာရွက်ကို အိတ်ကပ်ထဲ ကောက်ထည့်ပြီး ဘာမှတော့မပြောဘူး ထွက်သွားတယ်။ မပြောဆို အဲဒီ ဆရာမနဲ့ အရင်ရက်က ကျဖူးတယ်။ ကျွန်တော်က ကျွန်တော့ဘေးက ကောင်ကို စာတွေပြနေတယ်ဆိုတာလည်း သိတယ်။ အခု ခိုးချပုံအရဆိုရင် တော်တော်တုံးတဲ့ ငတုံးခိုးနည်းနဲ့ခိုးနေ တာဆိုတော့ ဒီကကောင်ကို ပြဿနာမလုပ်တာ။
စာမေးပွဲအတွင်းမှာ ထွက်လာတဲ့ tips တွေ ရှိသေးတယ်။ မကောင်းပါဘူး။ တလွဲ ချည်းပဲ။ အလကားနောက်တာ။ သိပ္ပံတွဲ နေ့ကဆိုရင် နံပါတ်စဉ်က အစမလွဲဘူး အစဉ်အတိုင်း ပါတာ။ ၃၃ မှတ်လား ၃၄ မှတ် ဖိုးလားမသိဘူး။ ကျောင်းသား စကားနဲ့ ပြောရရင်တော့ solid ပဲ။ ခက်တာက ကျွန်တော်တို့က မယုံတော့ အကုန်လျှောက်ဖတ်တယ်လေ။ ဆိုတော့ ရသင့်သလောက် တော့ ရလိုက်တာပေါ့။ မဆိုးပါဘူး အမှတ်က ၉၀ ပတ်ဝန်းကျင်နားပဲ ဆိုတော့။ (ကပ်ကြွားတာ မဟုတ်ရပါဘူးဗျာ၊ ပေါ်တင်ကြီး ရေးပြနေတာပါ)
ကျွန်တော်တို့ အတန်းထဲက ကောင်မလေးတွေ ကျွန်တော်နဲ့ တစ်ခန်းထဲ ဖြေရတာတွေရှိတယ်။ မြင်နေရတာပဲ ရင်ဖုံးအင်္ကျီထဲကနေ စာရွက်ထုတ်လာတာတွေ၊ ထရံပေါက်ကနေပြီးတော့ ဟိုဖက်က ဖြေနေတဲ့သူဆီက အဖြေမေးနေတာတွေ။ စာမေးပွဲ နားနီးတော့ tension တွေများပြီး မဖြေတော့ဘူး လုပ်တဲ့ သူငယ်ချင်းတစ်ယောက်လည်း ရှိတယ်။ အဖေက ၁၀ တန်းက နာမည်ကြီး ကျူရှင်ဆရာ၊ သူ့ အစ်ကိုက ကျွန်တော်တို့ အစ်မနဲ့ တစ်နှစ်တည်း ၄ ဒီ ထွက်ထားတာ။ သူကလည်း စိတ်မထားတတ်တော့ စာမေးပွဲ နီးမှ ၀ူးဝူးဝါးဝါး မဖြေတော့ဘူးထလုပ်တာ။ ကျောင်းကဆရာမတွေလည်း သွားပြီးချော့မော့ ရတယ်။ နောက်တော့ ဖြေဖြစ်တော့လည်း stress တွေများပြီး ကောင်းကောင်း မဖြေနိုင်ဘူး။ မြို့ကလည်းသေးတော့ ကျောင်းတိုင်းက ဆရာမတွေက သိကြပါတယ်။ နောက်တော့ သူ့ကို ဘယ်လောက်တောင် လျှော့ပေးလဲဆိုတော့ CQ ဖြေပြီးလို့ စာရွက်အပ်ခါနီးမှာ နေရာကနေထပြီး ရှေ့ကလူဆီကို အဖြေသွားတိုက်တယ်။ အကုန်လုံးလည်း ရှုပ်နေတာဆိုတော့ ဆရာမတွေကလည်း လွှတ်ထားပေးလိုက်တာပေါ့။ ထ(၁) မှာ လာတက်တဲ့ ဗိုလ်မှူးသမီး ညီအစ်မနှစ်ယောက်ရှိသေးတယ်။ ဘယ်တစ်ယောက်လည်းတော့ မသိတော့ပါဘူး။ ခိုးချတာမိသွားလို့ သူဒုတိယနှစ်ရောက်နေပြီ ဒါလေးပြီးရင် သူမအောင်ပါပြီ အောင်မှတ်လေးတော့ ခွင့်ပြုပါဆိုပြီး ငိုကြီးချက်မလုပ်လို့ မသိမသာလေးပြန်လွှတ်ပေးလိုက်ရတာလည်းရှိတယ်။ နောက် တစ်ဦးကတော့ အနီးအနား မြို့က ကျွန်တော်တို့ ကျောင်းကို နာမည်ရှိလို့ လာအပ်ထားတာ။ မြန်မာစာအရေးအသားကတော့ အပျံစား။ တစ်ခြားစာတွေဖက်မှာတော့ သိပ်ပြီး အားမသန်ဘူး။ သူလည်း တစ်ရက်မဖြေနိုင်တာ အပြင်ထွက်ပြီး ငိုယိုနေတယ်။
နောက်တစ်ယောက်ကတော့ စာမေးပွဲအောင် စာရင်းတွေထွက်မှ ဖြစ်တာ။ အေ အတန်းက ကောင်မလေး အတန်းထဲမှာ ၁ ၂ ၃ ၀င်တယ်။ အောင်စာရင်းထွက်ရင် တော့ ဒီဘယ်နှလုံးပါမလဲ ဆိုတာပဲ စောင့်ကြည့်ရမှာ။ ရင်ခုန်စွာ လာကြည့်တော့ အံ့အားသင့်သွားရတယ်။ အောင်စာရင်းမှာ သူမနာမည် လုံးဝမပါလာဘူး။ သူမကိုယ်သူမလည်း သေချာတယ် အားလုံးဖြေနိုင်တယ်။ နောက်တော့လည်း စာမေးပွဲ ဆိုတာ ဖြစ်တတ်ပါတယ်လေ ဆိုပြီး တော့ နောက်တစ်နှစ် ပြန်တက်ဖို့ ကျူရှင်တွေပြန်တက်ရတာပေါ့။ ကျောင်းတွေဖွင့်လို့ နှစ်ဝက်လောက်ရောက်တော့ သူမ အမျိုးတစ်ယောက်က မကျေနပ်လို့ ပြန်ပြီး လိုက်တော့ တကယ်ပြန်တွေ့တာက သူမအောင်တယ် ဂုဏ်ထူးတောင်ပါသေးတယ်။ ဒါနဲ့ ပညာရေးဌာနက သူမကို တက္ကသိုလ် နှစ်ခု ပေးတက်တယ်။ ဘယ်တက္ကသိုလ်တက်တက် နည်းပညာ တက္ကသိုလ်ကို လည်း တက်ခွင့် ရှိတယ်။ (သိချင်တဲ့ သူတွေလည်းသိ လိမ့်မယ်) ကျွန်တော်တို့ ၁၀ တန်းပြီးတော့ ကွန်ပြူတာသင်တန်းတွေတက်တော့ GTC နဲ့ Computer တက္ကသိုလ် နှစ်ခုတက်နေတဲ့ သူတွေ တွေ့ခဲ့ဖူးတယ်။ ဘာဆက်တက်လည်းတော့ မသိပါဘူး။ ဟိုတစ်ခေါက် ကျွန်တော့ သူငယ်ချင်း က သူ့ကို တွေ့တော့ ရန်ကုန်မှာတဲ့ အိမ်ထောင်ကျနေပြီတဲ့။
မော်နီတာက ဒီ ၄ လုံး၊ ကျွန်တော်၊ ကျွန်တော့အစ်ကိုရယ် ဟဲဟိုးသားနှစ်ကောင်ရယ်၊ ကုလားရယ်က ၃ လုံးစီ။ နောက် Guide လုပ်တဲ့ သူငယ်ချင်းတစ်ယောက်က ဒီ ၂ လုံးထင်တယ်။ အဲဒီလို တွေထွက်ကုန်တော့ ကျွန်တော်တို့ ပုံတွေ ထ(၁) က ရုံးခန်းထဲမှာ ရှိ နေပါလိမ့်ဦးမယ်။ ပြည်နယ်က လည်း ၃ ဘာသာနှင့် ၃ ဘာသာ အထက် တွေကို ဆုချီးမြှင့်ပါသေးတယ်။ (ဓာတ်ပုံတောင် တင်ထားသေးတယ်)
မော်နီတာနဲ့ ဟဲဟိုးသားနှစ်ယောက်က bond နဲ့ ခေါ်တဲ့ GTC သွားတက်လိုက်ကြသေးတယ်။ နောက်တော့ ကျွန်တော်တို့ နှစ်မှာ စပြိးတော့ မကွေးဆေးကျောင်းဖွင့်ပြီး (၅ နှစ် စီမံကိန်းနဲ့) ဆရာဝန်တွေ ရိုက်ထုတ်တော့ ကျွန်တော်ရယ် ကျွန်တော့ အစ်ကိုရယ် ဟဲဟိုးသား နှစ်ယောက် (လျှော်ကြေးပေးပြီး GTC ကနေ ထွက်လာတယ်) ရောက်လာတယ်။ မော်နီတာက အမှတ်မှီရဲ့သားနဲ့ အိမ်က အလုပ်ရှုပ်မှာစိုးလို့ ဆိုပြီး GTC ပဲ ဆက်တက်နေတယ်။ guide လုပ်တဲ့ ကုလားကတော့ အခု UFL ကို French နဲ့ ပြီးပြီး Licensed Tour Guide ဖြစ်နေပြီ။ အပေါင်းအသင်းများစွာနဲ့ ၀င်ဆံ့နေပါပြီ။ ပိုက်ဆံကို လည်း ကိုယ်တိုင်ရှာနိုင်နေပါပြီ။ သူ့ရဲ့ တစ်ရက်ဝင်ငွေက မက်လောက်စရာ အခြေအနေမှာ ရှိပါတယ်။ တစ်နေ့ကို ဗမာငွေနဲ့ ဆိုရင် ဂဏန်း ၅ လုံး နဲ့ ၆ လုံးကြားမှာ လည်ရင် လည်သလို ရနေတဲ့သူပါ။
မော်နီတာက GTC မှာ ဆရာလုပ်နေရင်း ဒီနှစ်ပိုင်းမှာ master ဆက်တက်နေတယ်။ Doctor သား ကုလားက Turkey မှာ Software enginnering နဲ့ ဘွဲ့ရပြီး ဒီကို ပြန်လာ အလုပ်လုပ်တော့မယ်။ ကျွန်တော်ကတော့ ဆေးကျောင်းမှာ ၆ နှစ် အချိန်ကုန်ပြီး ဆရာဝန် မလုပ်ဖို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော့ အစ်ကို ကတော့ သြစတြေးလျ မှာ doctor လုပ်ခွင့်ရအောင် ကြိုးစားနေပါတယ်။ ကျွန်တော်နဲ့ အရင်းနှီးဆုံးသူတွေ ရဲ့ ၁၀ တန်းနဲ့ ၁၀ တန်းနောက်ပိုင်း (၇ နှစ်တာ ကာလအတွင်းက) အကြောင်းတွေပါ။
တစ်ကယ်ဖြစ်တာတွေပါ ... ကာယကံရှင်တွေ ဖတ်မိလို့ အမှားအယွင်းတွေ့ရင် ကျွန်တော့အမှားပါ (အသက်က ကြီးပြီလေ၊ မှတ်ဥာဏ်တွေလဲ မကောင်းတော့ဘူး) :D

Read More...

Saturday, August 4, 2007

Author of (Lucy the girl .... ) linked back to my post

ပြီးခဲ့တဲ့ လတုန်းက ဘာသာပြန်ခဲ့တဲ့ Lucy the girl in the window (ဖြစ်ရပ်မှန်) ရဲ့ မူရင်း စာရေးဆရာက ကျွန်တော် ဘာသာပြန်ထားတဲ့ post မှာ comment ရေးပေးသွားသလို၊ အခု သူ့ရဲ့ blog မှာ post တစ်ခုတင်ပြီး ဘာသာပြန်ထားတဲ့အကြောင်း ရေးသားထားတာကို တွေ့ပါတယ်။ အဲဒီမှာ ကျွန်တော့ရဲ့ post ကို ပြန်ညွှန်းထားတဲ့ link ရယ် original story link ရယ် ပြန်ရေးထားပေးပါတယ်။

Lucy the girl in the window (update) Now available in Burmese

ကျေးဇူးတင်ပါတယ် Mr. Raho! :)

Original story
Translated story (burmese)

Read More...

Friday, August 3, 2007

Myanmar forums

ကျွန်တော်တို့ ရဲ့ မြန်မာပြည်ကြီးမှာ ဘယ်လောက်ပဲ အင်တာနက် သုံးရတာခက်ခက်၊ ရအောင် သုံးတတ်တဲ့ မြန်မာပြည်သား တွေရဲ့ စိတ်ဓာတ်ကတော့ ချီးကျူးစရာ ကောင်းပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသား၊ ပြည်တွင်းတွင်ရှိနေသေးသော ပညာရှင်တို့ လက်ချက်ဖြင့် အခု မြန်မာစာနဲ့ ဖော်ရမ်တွေကို internet ပေါ်မှာ အများအပြား တွေ့လာပြီဖြစ် ပါတယ်။

အရင် က ရှိတဲ့ Planet အပြင်
မြန်မာ့ မြှားနတ်မောင်
မြန်မာ ဘလောက်ကာ
မြန်မာ့ လက်ဘက်ရည်ဆိုင်

နည်းပညာ အသားပေး
Mysteryzillion

တွေပေါ်လာပါတယ်။

ကျွန်တော gmail address နဲ့ မြန်မာဘလောက်ကာ၊ မြန်မာ့ လက်ဘက်ရည်ဆိုင် တွေမှာ မှတ်ပုံတင်တာ activation email ကျွန်တော့ဆီကို မရောက်ပါဘူး။

မြန်မာ့ မြှားနတ်မောင် (အဲဒီမှာ ပဲ fonts တွေကို download လုပ်လို့ရပါတယ်) ကလွဲလို့ ကျန်တဲ့ forum တွေမှာ ZawGyi-One font ကို အဓိကထားသုံးတာကို

တွေ့ရပါတယ်။

Read More...

Tuesday, July 24, 2007

Writing Blog in Myanmar Language

ကျွန်တော် Blog လုပ်နေတာ ၃၊ ၄ လ ရှိပါပြီ။ လုပ်မယ့်သာလုပ်နေတာ ဖတ်မှတ်စရာ မယ်မယ်ရရ ဆိုလို့ Blog တွေပဲ ရှိတာ။ အရှေ့က အစ်ကို တွေ အစ်မ တွေ ဘယ်လို လုပ်ခဲ့သလဲဆိုတာ လိုက်ကြည့်ပြီးလုပ်နေတာ။ တစ်စုတစ်စည်းတည်း ဖတ်စရာ မတွေ့ခဲ့ပါဘူး။ (မရှာလို့လည်း ဖြစ်နိုင်တာပဲ) :D

အခုတော့ Making Blog ဆိုတဲ့ မြန်မာလို ရေးထားတဲ့ PDF လေးတစ်ခုကို Saturngod တို့ရဲ့ forum ကနေရလိုက်ပါတယ်။ မြန်မာ Blog တစ်ခုကို အစ အဆုံး တစ်နေရာတည်းမှာ ဖတ်နိုင်ပါပြီ။

Download link က ဒီမှာ ပါ။ 900kB ကျော်ကျော် ပဲရှိပါတယ်။
Mysteryzillion Forum ရဲ့ Making blog post ကို ဒီ link ကနေသွားလို့ရပါတယ်

Read More...

Wednesday, July 18, 2007

Operation Systems

ဘောလုံးကွင်းလောက်ကြီးတဲ့ computer ကြီးကနေ ပေါင်ပေါ်၊လက်ဖ၀ါးပေါ် တင်သုံးလို့ရလာတဲ့ computer ထိဖြစ်လာတဲ့အခါ သူတို့နဲ့အတူ အလုပ်လုပ်မဲ့ operation system တွေက လည်းကောင်းသထက်ကောင်းလာကြပါတယ်။
ကွန်ပြူတာသုံးသူတွေ အတွက် OS ရွေးချယ်စရာ အဓိကက Windows, Linux, Mac (တစ်ခြား Unix, FreeBSD အစရှိတာတွေလည်းရှိပါသေးတယ်) ဆိုတာတွေရှိပါတယ်။ Windows မိသားစုအောက်မှာမှ 95, 98, 2000, NT, Me, XP, Vista အစရှိတာတွေရှိပါတယ်။ Linux
မိသားစုအောက်မှာတော့ ရွေးချယ်စရာတစ်ပုံတစ်ပင်ရှိပါတယ်။ အဓိက နာမည်ရထားတာတွေကတော့ Debian, Redhat, Suse, သူ့တို့ရဲ့ဆင့်ပွားတွေဖြစ်တဲ့ Mandriva, Fedora Core, Ubuntu, Linspire, Gentoo စသည်ဖြင့်ပေါ့  အသေးစိပ်ကို Distrowatch တွင်ကြည့်နိုင်ပါသည်။ Mac OS
ကိုတော့ ဒီမှာတွေ့ရခဲပါတယ်။
Microsoft ရဲ့ OS တွေက Desktop လောက မှာအများဆုံးလို့ ဆိုလို့ရပါတယ်။ virus, torjan, spyware, adware, dialer, rookit အစရှိတဲ့ ဖျက်လိုဖျက်ဆီး တွေ အများဆုံးရှိတာလည်း Windows မှာပါပဲ။ ဒါပေမယ့် သုံးရလွယ်ကူမှု၊ စက်များအလွယ်တကူ ရနိုင်မှု၊ driver အလွယ်တကူ ရနိုင်မှု၊
softwrae အလွယ်တကူ ရနိုင်မှုတွေက Windows OS တွေကို ထိပ်ဆုံးမှာ ပို့ထားတာပေါ့။ Linux ကတော့ အထက်ပါ အဖျက်သမားတွေနဲ့ကင်းဝေးပါတယ်။ များသောအားဖြင့် Server တွေမှာသုံးကြပါတယ်။ တစ်ခြားစက်တွေမှာလည်း သုံးနိုင်ပါသေးတယ်။ (ဥပမာအားဖြင့် PSP, Ipod, PS3
အစရှိတဲ့ စက်အမျိုးအစားတွေပေါ်မှာတောင် သုံးနိုင်တာပါ။) ဒါပေမယ့် Desktop အတွက်ကိုတော့ အားယူတုန်းပဲရှိပါသေးတယ်။Mac OS တွေကို Apple ကရောင်းတဲ့ computer တွေမှာ မှာပဲတွေ့ရတာများပြီး မြန်မာနိုင်ငံမှာတော့ Graphic, DTP သမားတွေပဲ အသုံးများတာတွေ့ရပါတယ်။
အခုသင့်ဆီမှာ computer တစ်လုံးပိုင်တယ်ဆိုရင် သေချာတာတစ်ခုက သင်သုံးနေတာ windows operation system ဖြစ်ဖို့များပါတယ်။ မြန်မာနိုင်ငံမှာဝယ်တဲ့ desktop PC ဆိုရင်တော့ သင့် Windows OS က ခိုးထားတဲ့ windows XP ဖြစ်ဖို့များပါတယ်။ ဘာလို့ ခိုးထားရသလဲဆိုတော့ ဒီမှာ
ရောင်းတဲ့သူတွေက အဲဒီလိုမျိုး ခိုးထားတာတွေပဲ ရောင်းလို့ပါ။ ဘာလို့ ရောင်းရသလဲဆိုတော့ အစစ်ရောင်းရင်ဘယ်သူမှ ၀ယ်မှာမဟုတ်လို့ပါ။ မ၀ယ်ရတဲ့အကြောင်းအရင်းကလည်း ရှင်းပါတယ် ဈေးကြီးလို့ပေါ့ဗျာ။
ဈေးကြီးလို့ဆိုတော့ အခမဲ့ ဖြန့်ဝေတဲ့ OS မသုံးကြဘူးလားလို့မေးစရာရှိပါတယ်။ အခမဲ့ သုံးလို့ရတဲ့ Linux OS တွေရှိပါတယ်။ CD ဆိုင်တွေမှာ ၀ယ်လို့လဲရပါတယ်။ (ဒီမှာကတော့ windows CD နဲ့ဈေးကတူတူဖြစ်နေပါတယ်၊ တစ်ခါတစ်ရံ Linux CD တွေက ၄ ချပ်ဖြစ်နေရင် windows XP
ဝယ်တာထက်ကိုယ်က ပိုက်ဆံပိုကုန်နေတတ်ပါတယ်)။ Linux စသုံးပြန်တော့လည်း သုံးနေကြမဟုတ်တဲ့အတွက် setting တွေ configuration တွေက အခက်အခဲဖြစ်စေပါတယ်။ ဥပမာ အားဖြင့် စာစီစာရိုက်လိုရင် font တွေကို မသိတော့ပါဘူး။ myanmar unicode font တွေကို windows မှာ
အလွယ်တကူသွင်းပြီးသုံးလို့ရချိန်မျာ Linux မှာတော့ အခက်အခဲတွေရှိနေပါသေးတယ်။ နောက်တစ်ခုက software လိုချင်ရင် windows အတွက် installation CD တွေက ရှာရတာလွယ်ပါတယ်။ Linux အတွက်ကျတော့ internet ကသာ အလွယ်တကူ ရနိုင်တာပါ။ (ဒီမှာကလည်း internet
သုံးသူတိုင်းသိကြပါတယ်။ connection က ဈေးကြီး။ ပေးထားသလောက် ၀န်ဆောင်မှုကမကောင်း။ သုံးတဲ့ သူတွေကလည်း ရွေးချယ်စရာမရှိတော့ ရှိတာလေးကိုပဲ အကောင်းဆုံးထားပြီး သုံးနေကြရတာဆိုတော့။ တကယ်တမ်းပြောရမယ်ဆိုရင်တော့ ဒီမှာ internet သုံးစွဲမှုက india လိုမျိုး
များပြားလှတာမဟုတ်ပါဘူး။ ပြန့်နှံ့မှုကလည်း ညီမျှမှုမရှိပါဘူး။ မြို့ကြီးပြကြီးမှာ နေသူများသာအသုံးပြုနိုင်ကြတာပါ။)
သာမန်ရုံးသုံး အိမ်သုံးအတွက်တော့ Linux က မြန်မာပြည်ကလူတွေနဲ့မကိုက်ညီသေးပါဘူး။ Ubuntu, Mandriva, Linspire, Linux XP (payware OS) အစရှိတဲ့ အလွယ်ကူဆုံး windows replacement တွေမှာတောင် media file တွေသုံးဖို့ အခက်အခဲတွေရှိနေပါသေးတယ်။
အခုလူငယ်တွေအသုံးများတဲ့ mp3, mp4 player နဲ့ Ipod တွေကို Linux က windows တွေလို plug and play မလုပ်ပေးနိုင်ပါဘူး။ Linux အတွက်ကိုလည်း Game များများစားစားမရှိလှသေးပါဘူး။
Security ပိုင်းကို ကြည့်ပြီး Linux ကိုသုံးရင်းက Windows ဒါမှမဟုတ် Windows software တွေကိုသုံးချင်ရင်တော့ လည်းရပါတယ်။ Linux မှာ Wine ဆိုတဲ့ opensource program တစ်ခုရှိပါတယ်။ Linux ပေါ်မှာ Windows software တွေကို Windows OS တင်စရာမလိုဘဲ Run နိုင်ပါတယ်။
ဒါပေမယ့် သူ့ကိုယ်ပိုင် OS ပေါ်မှာ မဟုတ်တဲ့အတွက်တော့ error တွေ၊ conflict တွေ၊ glitch တွေ ရှိပါသေးတယ်။ နောက်တစ်နည်းကတော့ Linux ပေါ်မှာ VMWare ကိုသွင်းပြီး Windows OS ကို ပြန်သွင်းပြီးသုံးတဲ့နည်းပါ။
Windows ကို အကျွမ်းတ၀င် ဖြစ်နေပြီးသားသူတွေ အတွက်ကတော့ Ubuntu ကို Wubi လို့ခေါ်တဲ့ software သုံးပြီး Windows ပေါ်မှာ သွင်းနိုင်သလို၊ တစ်ခြား Linux တွေကိုလည်း VMware သုံးပြီး စမ်းကြည့်လို့ရပါတယ်။ Windows XP နဲ့ အနီးစပ်ဆုံးတူတဲ့ Linspire, LinuxXP
ဆိုတာတွေရှိပါတယ်။ Windows နဲ့ သိပ်မဆင်ပေမယ့်လည်း အလွယ်တကူသုံးနိုင်တဲ့ Ubuntu, Mandriva အစရှိတာတွေလည်း ရှိပါသေးတယ်။
Mac OS ကိုတော့ ဒီမှာ ၀ယ်လို့ရတယ်လို့ တော့မတွေ့သေး၊ မကြားသေးပါဘူး။ အရင်က Mac OS တွေကို Apple power PC တွေပေါ်မှာပဲ သုံးလို့ ရတဲ့ချိန်မှာ x86 (window တွေတင်လို့ရတဲ့ စက်အမျိုးအစား) ပေါ်မှာ သုံးလို့ရအောင် လုပ်လို့ရပါတယ်။ ခုတော့ အဲဒီ ဒုက္ခတွေမရှိတော့ပါဘူး။ Apple
က x86 ပေါ်မှာ ကောင်းကောင်းအလုပ်လုပ်နိုင်နေပါပြီ။
သင့်အနေနဲ့ နောက်ရွေ။ချယ်စရာရှိတာက စက်တစ်လုံးထဲမှာ OS ၃၊ ၄ ခု တစ်ပြိုင်ထဲတင်တာပါ။ ကျွန်တော့ PC တစ်လုံးမှာဆိုရင် Windows XP, Ubuntu, Redhat ၃ မျိုးတင်ထားခဲ့ဖူးပါတယ်။ အခုတော့ Vista နဲ့ XP ကို သွင်းထားပါတယ်။
Internet ချိတ်ဆက်ထားတဲ့ Windows computer တွေမှာ virus, malware, trojan အစရှိတာတဲ့ အန္တရာယ်တွေရှိပေမယ့်လည်း ဒီမှာ သုံးသူအများစုက online bank, online shopping အစရှိတာတွေ မသုံးသေးတဲ့အတွက်သိပ်ပြီးတော့ စိတ်ပူစရာမရှိလှပါဘူး။ internet စမသုံးခင်ကတည်းက
လုံလောက်သော ကာကွယ်မှုမျိုးပြင်ဆင်ထားမယ်ဆိုရင်တော့ သင့်အနေနဲ့ စိတ်ပူစရာသိပ်မရှိလှပါဘူး။ အခမဲ့ပေးတဲ့ Antivirus (AVG, Avast, ClamWin, Antivir) အခမဲ့ပေးတဲ့ Antispyware, anti-adware (spybot search and destroy, AVG antispyware, Ad-aware) တွေက
လုံလောက်တဲ့ လုံခြုံမှုမျိုးကိုပေးနိုင်ပါတယ်။ Internet Explore (IE) က ချို့ယွင်းချက်တွေကနေ ကိုယ့် computer ကို တစ်ခြားသူတွေ ဒုက္ခပေးမှာစိုးရိမ်သူများ အတွက်ကတော့ တစ်ခြားရွေးချယ်စရာ တွေအများအပြားကျန်ပါသေးတယ် (Mozilla firefox, Opera, Netscape, K-meleon)
အစရှိတာတွေပေါ့။ IE ရဲ့ engine ကိုအသုံးပြုပြိး အလုပ်လုပ်တဲ့ Maxthon ဆိုတဲ့ software မှာ ဆိုရင်ဖြင့် IE ထက်သာတဲ့ လုပ်ဆောင်ချက်တွေအများအပြားရှိပါတယ်။ စစ်တမ်းတစ်ခုရဲ့ အဆိုအရ Maxthon ဟာ IE ထက် ပိုလုံခြုံရုံမကသေးပါဘူး Mozilla firefox ထက်ကို
ပိုကောင်းပါသေးတယ်လို့ပါရှိပါတယ်။
သင့်အနေနဲ့ မတတ်သာလို့ windows ကိုခိုးသုံးနေရပေမယ့် တခြား ပိုက်ဆံပေးရတဲ့ software တွေကို ခိုးမသုံးချင်ရင်တောင် သင့်မှာ ကြီးမားတဲ့ အခက်အခဲမရှိပါဘူး။ ဘာလို့လည်းဆိုတော့ windows အတွက် software ရေးတဲ့သူတွေများစွာရှိတာကြောင့်ဖြစ်ပါတယ်။ Microsoft Office
အစားထိုး Open Office ဆိုတာရှိပါတယ်။ PowerDVD Player အစားထိုး KMPlayer ဆိုတာရှိပါတယ်။ Pagemaker အစားထိုး Scribus ဆိုတာရှိပါတယ်။ Graphics နဲ့ Photoshop အတွက် Gimp, Inkscape အစရှိတာတွေရှိပါတယ်။ သင်အလိုရှိတဲ့ အစားထိုး software တွေကို [www.osalt.com]
မှာ ရှာဖွေကြည့်နိုင်ပါတယ်။
အခုရေးတဲ့အကြောင်းအရာတွေက သာမန်အိမ်သုံး ရုံးသုံး အတွက်သာရည်ရွယ်ပါတယ်။ Programmer, Developer တွေအတွက်တော့ Windows environment ဟာသူတို့အကြိုက်ပေါ်မှာမူတည်ပါတယ်။ .NET programmer တွေအတွက်တော့ Windows ကိုသာသုံးရမှာပါ။ တခြား Microsoft က
ထုတ်တာမဟုတ်တဲ့ Language ဖြစ်တဲ့ Java, python, C++, PHP, Web server တွေအတွက်ကျတော့ Linux ဟာ အကောင်းဆုံးဖြစ်မှာပါ။
အခုနောက်ပိုင်း မေးကြတဲ့ မေးခွန်းကတော့ Windows Vista သုံးသင့် မသုံးသင့်ဆိုတာပါ။ ဒီမှာကတော့ ခွေဖိုးနဲ့ ကူးခလောက်ပဲပေးရတော ဆိုတော့ ပိုက်ဆံကိစ္စကို ပြောစရာမလိုပါဘူး။ စက်အကြောင်း၊ စက်ရဲ့အစိတ်အပိုင်းတွေကို ခိုင်းစေနိုင်မယ့် Driver တွေအကြောင်း၊ စက်ပေါ်မှာ သုံးမဲ့
software တွေအကြောင်း၊ သုံးမယ့်သူအကြောင်းတွေပဲ စဉ်းစားရမှာပါ။
Vista ရဲ့ အနည်းဆုံး စက်လိုအပ်ချက်မှာ Graphics Card လိုလာပါပြီ။ RAM ကို တိုးတောင်းလာပါပြီ။ CPU speed ကောင်းကောင်းလိုလာပါပြီ။ စက်ပစ္စည်းအစိတ်အပိုင်း ထုတ်တဲ့သူတွေ အားလုံးဖက်ကနေ သူတို့ပစ္စည်းတွေကို Vista က ဘယ်လိုခိုင်းရမလဲဆိုတာတွေကို မပေးနိုင်သေးပါဘူး။
Software အများအပြားက Vista ပေါ်မှာ အဆင်မပြေသေးပါဘူး။ Windows XP သုံးနေတဲ့ သူတွေအတွက်တော့ တစ်ချို့လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ရတာ အခက်အခဲတွေရှိနေပါတယ် (ဥပမာ။ ။network ချိတ်ဖို့ကို တော်တော်ရှုပ်ပါတယ်)။ ဘာမျှမသုံးဖူးသေးတဲ့သူဆိုရင်တော့ vista
ကနေသာ စသုံး အဆင်ပြေနိုင်ပါတယ်။ XP သုံးရင်လည်း ဘာမျှသိမှာမှ မဟုတ်တာ။ ဒီတော Vistaစသုံးတာ အကောင်းဆုံးပေါ့။
Vista ထွက်ပြီးလို့ ၁ နှစ်လောက်ကြာရင်တော့ Vista ကို စသုံးလို့ အဆင်ပြေလောက်ပါပြီ။ Vista ထွက်တာနဲ့ အတူကောင်းလာတဲ့ အချက်က နိုင်ငံခြားကနေ Windows XP သွင်းထားတဲ့ computer ကို ၀ယ်ရင် Vista သွင်းထားတဲ့ computer တွေထက်ကို အများကြီးဈေးသက်သာတယ်ဆိုတာပါ။

Read More...

Saturday, July 14, 2007

Last journey of Dway @ Htin Lin (Famous actor of Myanmar)

popularmyanmar news
popularmyanmar news (follow-up)

မေဓာဝီ ၏ blog မှသတင်း
စိုးဇေယျာ ၏ blog မှသတင်း

ကြွေလွင့်သွားသော အနုပညာရှင် မင်းသားဒွေး (planet) Hits 29718 @ 12:02 AM 7/14/2007
မင်းသား ဒွေး၏ နောက်ဆုံးခရီး နောက်ဆုံးမြင်ကွင်း (planet) Hits : 4476 @ 12:03 AM 7/14/2007

ဒွေးအကြောင်း planet forum
ဒွေးရဲ့တေးသီချင်းများ


သားကြီး
မွန်းတည့်နေတဲ့အချိန်ပဲ ရှိပါသေးတယ်.... တောင်စွယ်မှာ နေမကွယ်သေးပါဘူး.... နေမညိုခင် မင်းအရင် သွားနှင့်ပြီလား.... အချိန်မတန်သေးပါဘူးကွာ မင်းအတွက် ...အရှိန်ကောင်းနေတုန်း ရထားတစီး.... ခုတ်မောင်းလို့ ကောင်းတုန်းအချိန်မှာ...လူတကာနှလုံးကို သိမ်းကျုံးပြီး... မင်းချန်ထားရက်တယ်ကွာ.... မင်းလုပ်စရာတွေ... ဘယ်သူ တာဝန်ဆက်ယူမလဲ သားကြီး.... မင်းကို နှမြောလို့ ကြိတ်ငိုသံတွေ... ရှိုက်သံတွေ... ဟစ်ကြွေးသံတွေ... ယူကျုံးမရသံတွေ.... အသံတွေ အသံတွေ မင်းထပြီး ခနလောက် နားထောင်ကြည့်လိုက်အုံး သားကြီး....
ဒါပေမယ့် .... ဒါပေမယ့်လေ.. မင်းတခါသွားပြီ တောင်စွယ်မှာ နေမကွယ်ခင် မွန်းတည့်အချိန် အရှိန်ယူကောင်းချိန်မှာ အားလုံးကို မင်းစိတ်ချ လက်ချထားပြီး မင်းထွက်ခွါသွားပြီ .... ဟိုး အေးချမ်းရာ သုဂတိဘုံကို....
ဒါပေမယ့် မင်းအတွက် နေမညိုသေးဘူး သားကြီး
ခွန်လင်းချစ်သူ

ပလန်းနက်ဖော်ရမ် ပေါ်က ကိုသားကြီးအတွက်ရေးထားတဲ့ ခွန်လင်းချစ်သူ ရဲ့ ကဗျာပါ။

တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ပြောမလား။ ဒီနေ့ထွက်သွားတဲ့ နှစ်လုံးဂဏန်းက ၄၂ တဲ့။

Read More...